Skip to content

Backpacking in

ပုဂံ

သတိပြုရမည့်အချက်

  • ပုဂံဒေသတွင် ခြေဦးတည့်ရာလည်ပတ်ခြင်း
  • မြန်မာနိုင်ငံ၏ နောက်ဆုံးထီးနန်းစိုက်ရာ မန္တလေးသို့ လည်ပတ်ခြင်း
  • မန္တလေးမှ ပုဂံသို့ ခရီးသွားရင်း ပျော်ရွှင်ဖွယ် အမှတ်တရများ ဖန်တီးခြင်း

ပထမနေ့ – မန္တလေးမြို့သို့ရောက်ရှိခြင်း

ပုဂံမြို့သို့ လေကြောင်းခရီးဖြင့်သွားရောက်ရန် အပြည်ပြည်ဆိုင်ရာလေဆိပ်မရှိသည့်အတွက် မန္တလေး မြို့မှတစ်ဆင့် ပုဂံမြို့သို့ခရီးဆက်နိုင်ပါသည်။ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သည် ကမ္ဘာ့နိုင်ငံ များနှင့် ကောင်းစွာဆက်သွယ်ထားသော လေဆိပ်တစ်ခုဖြစ်ပါသည်။  မန္တလေးမြို့သို့ လေကြောင်း ခရီးဖြင့် မသွားရောက်နိုင်ပါကလည်း ရန်ကုန်မြို့ (သို့မဟုတ်) နေပြည်တော်မှတစ်ဆင့် ဘတ်စ်ကား (သို့မဟုတ်) မီးရထားဖြင့် မန္တလေးမြို့သို့ သွားရောက်နိုင်ပါသည်။ မန္တလေးမြို့သည် ရက်အနည်းငယ် အချိန်ပေး၍ လေ့လာလည်ပတ်သင့်သောသာယာလှပသည့်မြို့ကြီးတစ်မြို့ဖြစ်ပါသည်။ မန္တလေးမြို့၏ Backpacking ခရီးစဉ်များအကြောင်းကို သိရှိနိုင်ရန် ဤနေရာကိုနှိပ်၍ ဖတ်ရှုနိုင်ပါသည်။  မန္တလေး မြို့တွင် တစ်ရက်တာအချိန်ပေး၍ လည်ပတ်မည်ဆိုပါက မန္တလေးနန်းတော်နှင့် မန္တလေးတောင်သို့ အရောက်သွား၍ လည်ပတ်သင့်ပါသည်။ မန္တလေးတောင်ပေါ်မှသည် ရင်သပ်ရှုမောဖွယ်ကောင်းသော နေဝင်ဆည်းဆာ၏ အလှတရားများကိုလည်း စိတ်ကြည်နူးဖွယ်တွေ့မြင်ခံစားနိုင်ပါသည်။

ဒုတိယနေ့ – မန္တလေးမြို့မှ ပုဂံမြို့သို့ ခရီးဆက်ခြင်း

မန္တလေးမှပုဂံသို့ ဘတ်စ်ကားစီး၍ ကုန်းကြောင်းခရီးဖြင့် သွားရောက်နိုင်သော်လည်း ရေယာဉ်စီး၍ ဧရာဝတီမြစ်ကြီး၏ သဘာဝအလှတရားတို့ဖြင့်စီးဆင်းနေပုံကို စိတ်ကြည်နူးဖွယ်ကြည်ရှုခံစားနိုင်မည့် ရေကြောင်းခရီးက သင့်အားပိုမိုနှစ်သက်စေပါလိမ့်မည်။ ပုဂံမြို့သို့ ရေယာဉ်ဖြင့်သွားရောက်ရန် (၈)နာရီခန့်ကြာမြင့်မည်ဖြစ်သော်လည် ရေယာဉ်စီးရင်း ကျေးလက်ဒေသ၏ သဘာဝပသာဒနှင့် ဒေသခံများ၏ နေ့စဉ်သွားလာလှုပ်ရှားလျက်ရှိသည့် လူနေမှုဘဝများကိုတွေ့မြင်ခံစားနိုင်ခြင်း၊ စိမ်းစို အုံမှိုင်းနေသော သစ်ပင်ချုံပင်ကြီးများနှင့် ၎င်းအပင်ကြီးများကြားမှ ရံဖန်ရံခါ ပေါ်ထွက်လာတတ်သော ရွှေရောင်ဝင်းလက်တောက်ပနေသည့် ဘုရားစေတီပုထိုးများကို ကြည်နူးဖွယ်လှမ်းမျှော်ဖူးတွေ့နိုင် ခြင်း၊  မြစ်ကြောင်းတစ်လျှောက် ရေယာဉ်စက်မောင်းသမားများ၏ ကိုယ်စီကိုယ်ငှ ရေယာဉ်မောင်း နှင်လျက်ရှိပုံများကို စိတ်ဝင်စားဖွယ်တွေ့မြင်နိုင်ခြင်းတို့ကြောင့် ခရီးသွားရင်း အချိန်များကိုတန်ဖိုးရှိ စွာ ကုန်ဆုံးနိုင်ပါလိမ့်မည်။ ရေယာဉ်များသည် နံနက်(၇)နာရီဝန်းကျင်တွင် ထွက်ခွာလေ့ရှိသဖြင့် ရေယာဉ်စီးသောအခါ နံနက်စောစော မြစ်ပြင်မှတိုက်ခတ်လာသည့် အေးစိမ့်စိမ့်လေများကို ကာကွယ် နိုင်ရန်အတွက် အပေါ်ဝတ်အင်္ကျီအပိုတစ်ထည် ယူဆောင်လာရန်လိုအပ်ပါသည်။

တတိယနေ့ – ပုဂံမြို့တွင် ဘုရားဖူးလည်ပတ်ခြင်း

ပုဂံမြို့၏ ဘုရားစေတီပုထိုးများကို လှည့်လည်ဖူးမျှော်မည့်နေ့သို့ ရောက်ရှိလာပြီဖြစ်ပါသည်။ အပူပိုင်း ဒေသ၏ နေပူကျဲကျဲတွင် လမ်းလျှောက်ဘုရားဖူးခြင်းက လူကိုပင်ပန်းနွမ်းနယ်စေသဖြင့် ဘုရားဖူး ထွက်မည့်နှစ်ရက်တာအတွက် ဈေးမှ လျှပ်စစ်ဆိုင်ကယ်(e-bike) တစ်စီးကို ငှားရမ်းရပါမည်။ ပထမ နေ့တွင် အာနန္ဒာဘုရား၊ ရွှေစည်းခုံဘုရား၊ လောကနန္ဒာဘုရားနှင့် ရွှေဂူကြီးဘုရားများကဲ့သို့ ထင်ရှား ကျော်ကြားသည့် တန်ခိုးကြီးဘုရားများကို အရောက်သွား၍ဖူးမျှော်သင့်ပြီး အချိန်ရလျှင် ပုဂံရှေးဟောင်း သုတေသနပြတိုက်ကိုလည်းသွားရောက် လည်ပတ်သင့်ပါသည်။ ညနေပိုင်းတွင် ဗူးဘုရားကို သွားရောက်ဖူးမျှော်ရင်း ဘုရားရင်ပြင်တော်ပေါ်မှ ဧရာဝတီမြစ်ပြင်၏ သာယာလှပသောရှုခင်းများ နောက်တွင် နေလုံးကြီး တဖြေးဖြေးလှပစွာပျောက်ကွယ်သွားသည့် ရင်သပ်ရှုမောဖွယ်ရာ နေဝင် ဆည်းဆာမြင်ကွင်းကို စိတ်ကြည်နူးစွာခံစားနိုင်ပါသည်။ ထိုနေ့အတွက် ပုဂံဒေသ၏ အစားအစာ ထမင်းနှင့် ဟင်းလျာများကို မြိန်ယှက်စွာစားသုံးရင်း တစ်နေ့တာကုန်ဆုံးလိုက်ပါ။

Popular in Bagan

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED